International News

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၏ ပထမဆုံး မီးရထားလမ်းပိုင်း ဖွင့်လှစ်၊ ဝေးလံသော ပြည်နယ်ကို အိန္ဒိယ၏ ခရီးသွားလုပ်ငန်း ပင်မကဏ္ဍနှင့် ချိတ်ဆက်

Last Updated:

၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ၅၁ ဒသမ ၃၈ ကီလိုမီတာရှည်လျားသော Bairabi–Sairang မီးရထား လမ်းပိုင်းသစ်ကို ဖွင့်လှစ်လိုက်ခြင်းနှင့်အတူ မီဇိုရမ်ပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ မီးရထားလမ်း ကွန်ရက် မြေပုံတွင် သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် တရားဝင်ပါဝင်လာခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုသည် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ သမိုင်းမှတ်တိုင်တစ်ခုအဖြစ် သတ်မှတ်ခြင်းထက် ကျော်လွန်၍ အိန္ဒိယနိုင်ငံ၏ ရှာဖွေစူးစမ်းမှုအနည်းဆုံးဒေသများထဲမှ တစ်ခုကို ကမ္ဘာ့အသိုင်းအဝိုင်းထံသို့ တံခါးဖွင့်လှစ်ပေးကာ အိန္ဒိယအရှေ့မြောက်ပိုင်း၏ ခရီးသွားလုပ်ငန်းကဏ္ဍကို အဓိပ္ပာယ်ပြန်လည် ဖွင့်ဆိုနိုင်မည်ဖြစ်ကြောင်း India TodayNE သတင်းဌာနက ယခုလ ၁၅ ရက်တွင် ဖော်ပြထားသည်။
မီဇိုရမ်ပြည်နယ်သည် ဆယ်စုနှစ်ပေါင်းများစွာ အိန္ဒိယနိုင်ငံ၏ ကျန်ရှိသော မီးရထားလမ်းကွန်ရက်နှင့် အဆက် အသွယ်ပြတ်တောက်နေခဲ့ပြီး၊ ရှည်လျားသော ကားလမ်းခရီးစဉ်များ သို့မဟုတ် ကန့်သတ်ထားသော လေကြောင်းခရီးစဉ်များဖြင့်သာ သွားလာနိုင်ခဲ့သည်။ ယခုအခါ အဆိုပါ မီးရထားလမ်းသစ်ကို စတင်လည်ပတ်နေပြီဖြစ်သောကြောင့် ပြည်နယ်မြို့တော် Aizawl သည် Sairang ရှိ မီးရထားဘူတာရုံမှ ကီလိုမီတာ ၂၀ သာ အကွာအဝေးရှိကာ ခရီးစဉ်တလျှောက် ဒေသ၏ သာယာလှပသော ရှုခင်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်များကို ယခင်ကမကြုံစဖူး ကြည့်ရှုခံစားနိုင်မည့် အခွင့်အရေးကို ပေးအပ်လျက်ရှိကြောင်း သိရသည်။
ထူထပ်သော တောတောင်များ၊ မတ်စောက်သော တောင်တန်းများနှင့် အမြင့်ပိုင်းဒေသရှိ တောင်ကြားများကို ဖြတ်သန်းဖောက်လုပ်ထားသည့် Bairabi–Sairang မီးရထားလမ်းသည် ထူးခြားသော အခြေခံအဆောက်အအုံဆိုင်ရာ အောင်မြင်မှုတစ်ခုအဖြစ် ထင်ရှားလျက်ရှိသည်။ ၎င်းတွင် ဥမင်လိုဏ်ခေါင်း ၄၈ ခုနှင့် တံတား ၁၄၂ စင်း ပါဝင်ပြီး ခရီးသွားများအား နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများကို ရှားရှားပါးပါး ပေါင်းစပ်ခံစားခွင့် ပေးအပ်ထားကြောင်း တွေ့ရှိရသည်။
အိန္ဒိယမီးရထားလုပ်ငန်းသည် ပတ်ဝန်းကျင်ရှုခင်းကို အပြည့်အဝခံစားနိုင်ရန် မှန်အမိုးများနှင့် ကျယ်ပြန့်သော ပြတင်းပေါက်များဖြင့် ဒီဇိုင်းထုတ်ထားသည့် Vistadome ရထားတွဲများကို အဆိုပါလမ်းကြောင်းပေါ်တွင် ပြေးဆွဲရန် အစီအစဉ်ရှိကြောင်း အတည်ပြုခဲ့သည်။ ခရီးသည်များသည် မကြာမီ Reiek တောင်တန်းများ၊ Vantawng ရေတံခွန်နှင့် Tam Dil ရေကန်ပတ်ဝန်းကျင်ရှိ မြူနှင်းများ ဖုံးလွှမ်းနေသော သစ်တောများကဲ့သို့သော ထင်ရှားသည့်နေရာများကို ၎င်းတို့၏ ထိုင်ခုံများမှ သက်သောင့်သက်သာ ကြည့်ရှုနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခင်က တိတ်ဆိတ်သော မြစ်ကမ်းနဘေးမြို့လေးတစ်မြို့ဖြစ်ခဲ့သော Sairang သည် ယခုအခါ မီဇိုရမ်ပြည်နယ်၏ ခရီးသွားလုပ်ငန်းကဏ္ဍအတွက် တံခါးပေါက်တစ်ခုအဖြစ် ပေါ်ထွက်လာလျက်ရှိသည်။ သဘာဝပတ်ဝန်းကျင်ကို အလေးထားသော ခရီးသွားများကို ရည်ရွယ်၍ ခရီးသွားများအတွက် ရေရှည်တည်တံ့သော တည်းခိုနေထိုင်စရာ များ၊ လက်မှုအနုပညာဈေးများနှင့် ဒေသအစားအစာဆိုင်များ ပါဝင်သည့် အကူးအပြောင်းလွယ်ကူသော ခရီးသွားဗဟိုဌာနတစ်ခုအဖြစ် ဘူတာရုံဧရိယာကို အဆင့်မြှင့်တင်ရန် အစီအစဉ်များကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Sairang မြို့သည် Reiek အမွေအနှစ်ကျေးရွာ (Reiek Heritage Village)၊ Phawngpui အမျိုးသားဥယျာဉ် (Phawngpui National Park) နှင့် Dampa ကျားထိန်းသိမ်းရေးစခန်း (Dampa Tiger Reserve) ကဲ့သို့သော ထိပ်တန်းလည်ပတ်စရာနေရာများနှင့် နီးကပ်မှုကြောင့် ပြည်နယ်ကို လာရောက်စူးစမ်းလေ့လာလိုသော ခရီးသွားဧည့်သည်များအတွက် မဟာဗျူဟာကျသော အခြေစိုက်စခန်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။ တစ်ချိန်က သွားလာရန် ခက်ခဲခဲ့သော အဆိုပါနေရာများသည် ယခုအခါ ဘူတာရုံမှတစ်ဆင့် ရှုခင်းသာယာသော ကားလမ်းတစ်လျှောက် ခရီးတိုအတွင်း ရောက်ရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။
မီဇိုရမ်ပြည်နယ်သည် ၎င်း၏ သဘာဝအလှတရားများအပြင် ဌာနေတိုင်းရင်းသားတို့၏ ရိုးရာ ဓလေ့များ၊ ဂီတ၊ အကနှင့် ခိုင်မာသော လူမှုအသိုက်အဝန်းဆိုင်ရာ စိတ်ဓာတ်တို့တွင် အမြစ်တွယ်နေသော ကြွယ်ဝသည့် ယဉ်ကျေးမှုအတွေ့အကြုံများကို ပေးအပ်လျက်ရှိသည်။ ဒေသခံအိမ်များတွင် တည်းခိုခြင်း (Homestay) သည် လူကြိုက်များလာသည်နှင့်အမျှ ခရီးသွားများသည် ဒေသဓလေ့ထုံးစံများနှင့် အစား အစာများတွင် နစ်မြုပ်ခံစားရန် အခွင့်အရေးရရှိကြသည်။ ဝါးလက်မှုပညာများ၊ လက်ရက်ထည်များနှင့် မီးခိုးဖြင့်အခြောက်ခံထားသော အစားအစာများသည် ယခုအခါ ပြင်ပမှလာသူများအတွက် ပိုမိုလွယ်ကူစွာ လက်လှမ်းမီနိုင်သည့် နေ့စဉ်ဘဝ၏ တက်ကြွသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း တွေ့ရှိရသည်။
အဆိုပါ မီးရထားလမ်းသစ်သည် ပြည်နယ်နယ်နိမိတ်ကို ကျော်လွန်၍ သက်ရောက်မှုများလည်း ရှိနေသည်။ ၎င်းမီးရထားလမ်းကို မြန်မာနိုင်ငံနယ်စပ်ဘက်သို့ တိုးချဲ့ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် လျက်ရှိပြီး၊ မီဇိုရမ်ပြည်နယ်သည် အိန္ဒိယနိုင်ငံနှင့် အရှေ့တောင်အာရှကို ချိတ်ဆက်ပေးမည့် နိုင်ငံဖြတ်ကျော် ခရီးသွားစင်္ကြံလမ်းများတွင် အဓိကကျသော အချက်အချာနေရာတစ်ခု ဖြစ်လာနိုင်ပါသည်။ တစ်ချိန်က ပထဝီဝင်အရနှင့် နိုင်ငံရေးအရ အထီးကျန်နေသည်ဟု ယူဆခဲ့ကြသော အဆိုပါဒေသကို ယခုအခါ တောင်အာရှနှင့် အရှေ့တောင်အာရှကြား တံတားတစ်ခုအဖြစ် ရှုမြင်လာကြကြောင်း သိရပါ သည်။
Source: India TodayNE, Mizoram’s first railway line opens, connecting remote state to India’s tourism mainstream, July 15, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

 

Category: International News